Tuesday 31 May 2011

Chernobyl Nuclear Accident Part 5

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၅)

ယူနစ်(၄) ပေါင်းဖို ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု့တွေလုပ်ရန်အတွက် အနေနဲ့ ၁၉၈၆ အေပရယ် ၂၅ ရက် နေ့မှာ ပိတ်ချ လိုက်ရန် အစီအစဉ်ရှိပါတယ်။ ဒီလိုပိတ်မည့် ကိစ္စရှိတဲ့ အပေါ်မှာ မှ စမ်းသပ်ချက်လုပ်ပီး ပိတ်ဖို့ စဉ်းစားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက သူတို့လုပ်မယ့် စမ်းသပ်ချက်က ပေါင်းဖို ပိတ်သွားဖို့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို အခြားပြင်ပ ကနေ မယူဘဲ ဓါတ်ပေါင်းဖိုကနေ ပဲ ပြန်လည် ရယူပီး ပိတ်ကြည့်ချင်တာပါ။ တနည်း ရှင်းပြရမယ်ဆိုရင်တော့ ပေါင်းဖိုကို ပိတ်လိုက်ရင် ရိုးရိုး ဓါတ်ဆီ၊ ဒီဇယ် စတဲ့ သဘာဝ လောင်စာသုံးတဲ့ စက်တွေလို ဒီတိုင်း ပိတ်ချလိုက်လို့မရပါဘူး။ သူဟာ ညူကလီးယားလောင်စာကို သုံးထားတာ ဖြစ်တဲ့အတွက် လောင်စာတွေကို ဆက်လက်အအေးခံဖို့ အတွက် အအေးပေးစနစ် (ရေစုပ်စက် တွေ၊ ပန်ကာတွေ) စတာတွေကို ဆက်လက် လှည့်ပါတ်နေဖို့လို့ပါတယ်။ အဲ့ဒီအတွက် လျှပ်စစ် စွမ်းအားလို့ပါတယ်။ ဒီလိုတဲ့ လျှပ်စစ် စွမ်းအားကို ရနိုင်တဲ့ နည်းက ယေဘုယျ အားဖြင့် ၃ နည်း ရှိပါတယ်။
.
၁။ ညူကလီးယားစက်ရုံဟာ ပုံမှန်အတိုင်း လည်ပါတ်နေတဲ့အချိန် မှာဆိုရင် သူ့စီက ထွက်တဲ့ လျှပ်စစ်ဓါတ်ကို ပဲ အအေးပေးစနစ် တွေ မောင်းနှင်ဖို့ သုံးနိုင်ပါတယ်။
.

၂။ ဒါပေမယ့် ပေါင်းဖိုကို ပိတ်လိုက်ပီ ဆိုရင် ပေါင်းဖို က ထုတ်ပေးတဲ့လျှပ်စစ်စွမ်းအားကို မရနိုင်တော့ပါဘူး။ အဲ့လိုအခြေအနေဆိုရင် ပင်မ ဓါတ်အားပေးလိုင်းကနေ လိုတဲ့လျှပ်စစ်ဓါတ်ကို ပြန်လည်ရယူပါတယ်။
.
၃။ ပင်မ ဓါတ်အားပေးလိုင်း က အကြောင်း တစုံတရာကြောင့် မရနိုင်ဘူးဆိုရင် (ဥပမာ ခု ဂျပန်မှာဖြစ်သလိုမျိုး ငလျင်ကြောင့် ပြတ်တောက်ကုန်တာမျိုး) အရေးပေါ် ဒီဇယ်အားသုံးမီးစက်တွေ ဒါမှမဟုတ် ဘက်ထရီအားသုံးမီးစက်တွေ နဲ့ လိုတဲ့ လျှပ်စစ်ဓါတ်ကို ရယူပါလိမ့်မယ်။ (စကားချပ်။ ။ ဂျပန်မှာဖြစ်ခဲ့တဲ့ ဖူကူရှီးမား ကိစ္စမှာ ဆိုရင် ဒီဇယ် မီးစက်တွေ ဆူနာမီလှိုင်းလုံး နဲ့ပါသွားပီးတဲ့ အတွက် ဘက်ထရီမီးစက်တွေနဲ့ အအေးပေးစနစ်ကို ဆက်လက်လှည့်ပါတ်ခဲ့တာပါ။ ဒါပေမယ့် ဘက်ထရီက ၈ နာရီလောက်ပဲ ခံပီး ဘက်ထရီအားကုန်သွားတဲ့အချိန်မှာလဲ ပုံမှန်ပင်မဓါတ်အားပေးလိုင်းကနေ လျှပ်စစ်ဓါတ်မရနိုင်တော့တဲ့အတွက် အအေးပေးစနစ် ရပ်တန့်သွားပီး ပြဿနာစတက်တာဖြစ်ပါတယ်။ ပင်မဓါတ်အားပေးလိုင်းက လဲ အဲ့ဒီအချိန်မှာ ငလျင်ကြောင့် ပြတ်တောက်ကုန်တာဖြစ်ပါတယ်။)
.
ဒါပေမယ့် ဒီလိုမျိုး အရေးပေါ် ဒီဇယ်အားသုံး မီးစက်တွေက အမြဲတမ်းလည်နေတာမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာ ရပ်ထားတာပါ။ လိုအပ်မှ သာသူတို့ကို မောင်းနှင်ပီး လျှပ်စစ်ဓါတ်ကို ထုတ်မှာ ဖြစ်ပါတယ်။ ဒီမီးစက်တွေ က ရမယ့် လျှပ်စစ်ဓါတ်ကလဲ ခုမောင်း ခုယူ ယူလို့မရပါဘူး၊ လိုအပ်တဲ့ လျှပ်စစ်ဓါတ်ကို ရဖို့အတွက် စက်စတင်လည်ပါတ်ပီး အရှိန်တော်တော်ရလာတဲ့အထိ စောင့်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ လိုတဲ့ လျှပ်စစ်ဓါတ်ပမာဏက မီဂါဝပ်နဲ့ ချီပီးလိုတာပါ။ အိမ်သုံးမီးစက်တွေလို ပမာဏန နဲနဲလေးထုတ်ပေးရန်မဟုတ်ပါဘူး။ ဆိုတော့ ဒီလိုကြီးမားတဲ့ ပမာဏကို ရဖို့အတွက်က ခုစမောင်း ခုစရ မဟုတ်ပါဘူး။ အချိန်နဲနဲလိုပါတယ်။ အချိန်နဲနဲ ဆိုပေမယ့်ညူစက်ရုံမှာ စက္ကန့်အနည်းငယ်အတွင်း အခြေအနေကပြောင်းပြန် လှန်လိုက်သလိုပြောင်းသွားနိုင်ပါတယ်။ ပေါ့ပေါ့တွက်မရဘူးဆိုတာ နောက်ပိုင်းမှာ တွေ့လာပါလိမ့်မယ်။
.
(စကားမစပ် ပင်လယ်ကူးသင်္ဘော ကြီးတွေဆိုရင် ကမ်း မှာ ရက်ပိုင်းလောက်ပဲ ကပ်ထားတယ်ဆိုရင် စက်ကို ရပ်မထားပါဘူး၊ ဖြေးဖြေးလေး မနားတမ်း မောင်းနေရတယ်လို့သိရတယ်။ ဘာလို့လဲဆို လုံးဝရပ်တန့်လိုက်တယ်ဆိုရင် စက်ပြန်လည်ပီး သင်္ဘောပြန်ထွက်ဖို့အတွက်စက်အရှိန်ရဖို့ ကိုနောက်ထပ် အချိန်တော်တော် ထပ်ယူရတယ်လို့ပြောတာကြားဘူးတာပဲ။ ဘယ်လောက်ထိမှန်တယ် ဆိုတာတော့ အတိအကျ သိဘူးဗျ။ သိသူများ ဝင်ရောက်ဆွေးနွေးကြပါ။)
.
ဒီနေရာမှာ သူတို့က ဘာကို စမ်းသပ်ချင်တာလဲဆိုတော့ တကယ်လို့ ငလျင်လှုပ်သကဲ့သို့ ဘေးအန္တရာယ် တခုခု ကျရောက်လာပီဆိုရင်၊ ပေါင်းဖိုကို အရေးပေါ်ရပ်ရမယ်။ ဟုတ်ပီ ခုနက ငလျင်ကြောင့် ပင်မ ဓါတ်အားပေးလိုင်းက နေလဲ လျှပ်စစ်ဓါတ်မရနိုင်တော့ဘူး။ ဒါပေမယ့် ပေါင်းဖိုကို အရေးပေါ်အခြေအနေ အရ ရပ်ကို ရပ်ရမယ် ဆိုတဲ့ အခါကျတော့၊ အအေးပေးစနစ်တွေ ဆက်လက် လှည့်ပါတ်မောင်းနှင်ဖို့အတွက်က လျှပ်စစ် ဓါတ်လိုလာပါပီ။ ဒီလိုတဲ့ လျှပ်စစ်ဓါတ်ကို ပုံမှန်အတိုင်းဆိုရင်တော့ ပေါင်းဖိုက ထုတ်တဲ့ လျှပ်စစ်နဲ့ပဲ မောင်းပါတယ်။ ဒါပေမယ့် ခုက ပေါင်းဖိုကို ရပ်တော့မှာ ဖြစ်တဲ့ အတွက် တာဘိုင်တွေရဲ့ လည်ပါတ်နုန်းကို တဖြည်းဖြည်း လျော့သွားရမှာဖြစ်ပါတယ်။ ဒီလိုတာဘိုင်တွေရဲ့လည်ပါတ် နုန်းကို တဖြည်းဖြည်း လျော့သွားတာနဲ့အမျှ ပေါင်းဖိုက ထုတ်ပေးနေတဲ့ လျှပ်စစ်စွမ်းအား ဟာလဲ လိုက်ပါ လျော့ကျလာမှာဖြစ်တယ်။ ဒါကြောင့်အအေးပေးစနစ်အတွက် လိုအပ်တဲ့ လုံလောက်သောလျှပ်စစ်ဓါတ်အားကို ပေါင်းဖိုကနေ မပိတ်မချင်းဆက်လက် ရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ဆုံးပေါင်းဖို ကိုလုံးဝမပိတ်ခင်မှာ ဒီဇယ် မီးစက်တွေကို မောင်းနှင်ပီး လိုတဲ့ လျှပ်စစ်ဓါတ်အားကို ပြောင်းလဲပီး ဆက်လက်ရယူမှာ ဖြစ်ပါတယ်။
.
ဆိုတော့ ဒီနေရာမှာ သူတို့သိချင်တာက ပေါင်းဖိုပိတ်တဲ့ ကိစ္စ စတင်လိုက်လို့ တဖြည်းဖြည်း လည်ပါတ်မှု့နှေးလာ တဲ့ တာဘိုင်တွေက နေ အအေးပေးစနစ်အတွက် လိုအပ်တဲ့ လျှပ်စစ် ဓါတ်အားကို ဒီဇယ်မီးစက်တွေ ထံက မရခင် အချိန် အတောအတွင်း ကြားကာလ မှာ အဆင်ပြေပြေ ရယူနိုင်ပါ့မလား ဆိုတာသိချင်တာပါ။ ဒီလိုရယူဖို့ ဖြစ်နိုင်တယ် ဆိုရင် ပင်မလျှပ်စစ် ဓါတ်အားလိုင်း ပြတ်တောက်သွားရင်လဲ အရေးပေါ်အခြေအနေမှာ ပေါင်းဖိုကို ပြဿနာမ ရှိပဲ ပိတ်နိုင်တယ် လို့ ယူဆလို့ ရတာပေါ့ ဗျာ။ ပီးတော့ ဒီစမ်းသပ်ချက်က ခု မှ ပထမဆုံးလုပ်တာ မဟုတ်ပါဘူး။ အရင် တခါလဲ စမ်းသပ်ထားပီး သားလို့ သိရပါတယ်။ ဒါပေမယ့် သေချာတဲ့ ကောက်ချက် ချနိုင် ဖို့ အတွက်က စမ်းသပ်ချက်ကို တကြိမ်လုပ်ရုံနဲ့ မရပါဘူး။ အကြိမ်ကြိမ် စမ်းသပ် ဖို့လိုပါတယ်။ ဒါကြောင့် သူတို့က နောက်တကြိမ် ထပ်ပီး စမ်းသပ်ချင်တာပါ။ ဒါပေမယ့် ဒီစမ်းသပ်ချက်ကလဲ လုပ်ချင်တဲ့အချိန်၊ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီဓါတ်ပေါင်းဖိုက နေ ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို လူနေရပ်ကွက်၊ မြို့ရွာ တွေကို ဖြန့်ဝေနေလို့ပါ။ ဒါကြောင့် သူတို့အနေနဲ့ ဓါတ်ပေါင်းကို ပိတ်မယ်၊ ထုတ်တဲ့ လျှပ်စစ်ပမာဏကို အတိုင်းအတာတခု ထိလျှော့ချ ချင်တယ်ဆိုရင် မြန်မာပြည်မှာလို လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ လျှပ်စစ်ဖြန့်ဝေရေးဌာနက သဘောတူညီချက် စတာတွေလိုပါတယ်။ ပေါင်းဖိုကို အရေးပေါ်အခြေအနေကလွဲလို့ ပိတ်ချင်တိုင်း ပိတ်လို့၊လျှပ်စစ်ဓါတ်အားကို လျော့ချင်တိုင်း လျော့ လိုမရပါဘူး။  အထက်အာဏာပိုင်တွေရဲ့ အမိန့်လိုပါတယ်။ ဒါကြောင့် ဒီစမ်းသပ်ချက်ကို ပုံမှန် ပြု့ပြင် ထိန်းသိမ်းမှု့တွေ လုပ်ဖို့ ပိတ်မယ့် အချိန်နဲ့ ကိုက်ပီးလုပ်တာဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဒီဓါတ်ပေါင်းဖိုကို စမ်းသပ် ဖို့သက်သက် တည်ဆောက်ထားတာ မဟုတ်ပဲ၊ လျှပ်စစ်ဓါတ်ဖြန့်ဝေဖို့ စီးပွားရေးအတွက် တည်ဆောက်ထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ တနည်အားဖြင့် စီးပွားရေးအတွက် လျှပ်စစ်ဓါတ်ဖြန့်ဝေဖို့ တည်ဆောက် ထားတဲ့ ဓါတ်ပေါင်းဖိုမှာ စမ်းသပ်ချက် လာလုပ်တဲ့ သဘောပေါ့ဗျာ။
ကဲတော်သေးပီ။ နောက် တခေါက်မှ အပိုင်း (၆) ကို ဆက်ကြသေးတာပေါ့။ ကျန်းမာကြပါစေဗျာ။
ကိုဆန်းမော်


3 comments:

  1. ကိုစန်းမော်ရေ ဇာတ်ရည်အတော်လည်ပြီး အရှိန်အတော်တက်လာပြီ မျှော်နေမယ်ဗျို့
    :))

    ReplyDelete
  2. ကျေးဇူးပါ ကိုစန်းမော်
    မျော့ရတာ မောပါဒယ်

    ReplyDelete
  3. ဆရာကိုဆန်းမော်
    ချာနိုဘိုင်း ကိုပြောတဲ့နေရာမှာ ဂျပန်နဲ့ယှဉ်ပြောသွားတာက ကျွန်မအတွက်တော့ သဘောပေါက်လွယ်တယ်။
    ဂျပန်မှာမသိရတဲ့ အပိုင်းလေးတွေလည်း ထွက်လာတာကို ဖတ်ရတာ ကျေနပ်မိပါတယ်။

    ReplyDelete